Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအားရုံးထုတ်
| သန်းထိုက်ဦး | |
| ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008 18:15 – မြန်မာစံတော်ချိန် | |
|
ချင်းမိုင်။ ။ နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံ သတင်းယူသဖြင့် အဖမ်းခံခဲ့ရသော Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ရုံးထုတ် စစ်ဆေးလိုက်သည်။
ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသူ အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် ရဲစခန်းမှ တရားလိုသက်သေ ဒု-ရဲအုပ် ဇော်မင်းညွန့် မပါရှိသော်လည်း သက်သေ ၁၈ ဦးဖြင့် ယနေ့တွင် ရုံးထုတ်၍ စတင် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ “အခု ရုံးချိန်မှာ တရားလို သက်သေ မလာဘူး။ သူတို့ကို ဖမ်းဆီးစဉ်က သက်သေရဲတွေ ရှိတယ်။ အဲဒီတော့ အဲဒီဟာကို စစ်လိုက်တာပဲ။ တဖက်ရှေ့နေလည်း ရှိတယ်။ သူတို့ ၁၈ ဦးထဲမှာပါတဲ့ တပ်ကြပ်ကြီး မြင့်ဦးဆိုတာ (တာမွေ ရဲစခန်းက) သူက ရှိနေတဲ့အတွက် သူ့ကို ဒီနေ့ စစစ်ဖြစ်တယ်” ဟု မအိမ့်ခိုင်ဦး အမှုတွဲတွင် ပါဝင်သည့် ကိုကျော်ကျော်သန့်၏ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။ တပ်ကြပ်ကြီး မြင့်ဦးသည် အခင်း ဖြစ်ပွားသည့်နေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) ရုံးရှေ့တွင် တာဝန်ကျခဲ့ပြီး အထက်က ဖမ်းမိန့်ပေးသဖြင့် သူတို့ကို ဖမ်းဆီးခဲ့ကြောင်း သက်သေ ထွက်ဆိုခဲ့သည်။ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်အထိနှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် မအိမ့်ခိုင်ဦးအား တရားစွဲဆိုထားခြင်း ဖြစ်သည်။ ယနေ့ ရုံးထုတ်ရာတွင် သူမ၏ မိသားစုဝင်များလည်း တက်ရောက် နားထောင်ခဲ့ကြောင်း သိရသည်။ အမှုကိုမူ ယခုလ ၃၁ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။ ယခုလ ၂ ရက်နေ့က အမှုရက်ချိန်း စတင်ရှိခဲ့သော်လည်း သူတို့နှစ်ဦး၏ ရှေ့နေများက အမှုကို ထပ်မံ လေ့လာလိုသဖြင့် ယနေ့သို့ ပြောင်းရွှေ့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။ မအိမ့်ခိုင်ဦးသည် အဖမ်းမခံရခင်က ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။ Ecovision ဂျာနယ်ကို ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ဝေကာ ယခင်က စီးပွားရေး ကဏ္ဍကိုသာ ဦးစားပေး ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင်မူ ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေးကဏ္ဍနှင့် ဆောင်းပါးများကိုပါ ထည့်သွင်း ထုတ်ဝေလာခဲ့သည်။ |
-
Archives
- October 2008 (1)
- September 2008 (4)
- August 2008 (3)
- July 2008 (16)
- June 2008 (1)
- May 2008 (17)
-
Categories
-
RSS
Entries RSS
Comments RSS